မိုင်းဆတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးနယ်လှည့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မူက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိစေရန် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုသင့် ကြောင်း၊ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်းဖြင့် အချိန်မကုန်စေဘဲ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကာ ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ရှာဖွေဖတ်ရှု့စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ခရိုင်ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေး မည့်အကြောင်းကို ရှင်းလင်းဟောပြောပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဒုတိယ ဦးစီးမှူး၊ ဒေါ်ဇင်ပွင့်ဖြူက ပတ်ဝန်းကျင်ဆိုင်ရာများကို အသိပညာပေးဟောပြောကာ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဉာဏ်ရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ရုပ်ပြကာတွန်းကို ငှားရမ်းဖတ်ရှု့ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးဆေးဝါးအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ဒေါ်စန်းစန်းမြင့်(မိုင်းဆတ်)