သံဖြူဇရပ် ဇူလိုင် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဟောပြောပွဲ ၊ ပြပွဲ ၊ ပြိုင်ပွဲ များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အာဇာနည် (၉)ဦး၏ အတ္တုပ္ပတိများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးစံသောင်းက အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ မျက်မှောက်ခေတ်လူငယ်တို့၏ သမိုင်းပေးတာဝန်များကို အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိစေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပ ပြုလုပ်ခဲ့သည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ များမှ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)