ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင်၊ လူငယ်များအနေနဲ့ တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဥ်ပြိုင်မှုမှ တစ်ဆင့်မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာ၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ်လေ့လာဆည်းပူးတဲ့ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံတာဝန်များကို ထမ်းဆောင်ကြမည့်စွမ်းရည်ထက်မြက်သည့် လူငယ်တွေပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲ ကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟန်းမြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က၊ မူးယစ်ရန်စွယ်တို့ ကာကွယ်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ အစဥ်ရှေးရှု့မြန်မာယဥ်ကျေးမှု၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အားကစားဖြင့်နိုင်ငံမြှင့်တင်စို့စသည့်ခေါင်းစဉ်ပါအကြောင်း အရာများဖြင့်ယှဥ်ပြိုင်ခဲ့ကြသည်။

ယင်းနောက်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ကြပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ သုတ၊ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)