လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် တည်ဆောက်မည့် နာရီစင်အတွက် အလှူငွေပေးအပ်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် အသစ်တည်ဆောက်မည့် နာရီစင်အတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကို  ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ ကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ် သံဃာ့နာ ယကအဖွဲ့ဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ ကြွရောက်တော်မူပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ နှင့်မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက  သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နာရီစင်တည်ဆောက်ရန်အတွက် အလှူရှင်များကအလှူငွေများ လှူဒါန်းကြရာ ပြည်နယ်သာသနာရေးမှူးက လက်ခံရယူသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် နာရီစင်တည်ဆောက်ရန်အတွက် ယနေ့ လှူဒါန်း ငွေများလက်ခံရရှိမှုမှာ သိန်းတစ်ရာတစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်တိတိဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)