မန္တလေး၊ အောက်တိုဘာ ၁၃
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)က ကိုဗစ်-၁၉ထိန်းချုပ် စောင့် ကြည့်ရေးစင်တာ ဇီးပင်ကြီးနှင့် မန္တလာတက္ကသိုလ် စင်တာများအတွက် ကြက်သား ပိဿာ ၂လစာ၊ ကြက်ဥ ၂လစာလှူဒါန်း သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် တာဝန်ရှိသူထံက သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်း ဒေသကြီး)မှ အဆိုပါစင်တာများတွင် လိုအပ်သောကြက်သားများကို အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့အတွက် လှူဒါန်းပေးသွားမည်ဖြစ်သည်။
“မန္တလေးတိုင်းဒေသကြီး မန္တလေးဝန်းကျင်မှာ ကိုဗစ်-၁၉ ထိန်းချုပ်စောင့်ကြည့်ရေးနေရာ နှစ်ခုရှိတယ်၊ ဇီးပင်ကြီးနဲ့ မန္တလာတက္ကသိုလ်အတွက် ၂လစာကို နေရာနှစ်ခုရဲ့ လိုအပ်ချက် အတိုင်း လှူ သွားမှာပါ၊ အပတ်စဉ်ပေးဖို့ လှူဒါန်းသွားမှာဖြစ်ပါတယ်၊ နှစ်လလုံး တာဝန်ယူလှူဒါန်းသွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁)ဒေါက်တာကျော်ထင်ကပြောသည်။
မွေးမြူရေးလုပ်ငန်းအဖွဲ့သားများပူးပေါင်းပါဝင်မှုဖြင့် မွေးမြူရေးထုတ်ကုန်များကို လှူဒါန်းခြင်း ဖြစ် ရာယခင်က ကြက်ဥအဓိကထားကာ အလုံးရေတစ်သိန်းကျော် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုလှူဒါန်းမှုမှာ စင်တာ၂ခုအတွက် ကြက်သားပိဿာ အနည်းဆုံး ၁၅၀၀၀လျာထားသော်လည်း ၂လစာအတွက် လူဦးရေတိုးလာသလောက် လှူဒါန်းသွား မည်ဖြစ်ကြောင်း၊ အခြားလိုအပ်သော နေရာများအတွက်လည်း ကြက်ဥများကိုလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
“မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်၊ အဲဒီကနေ မွေးမြူရေးထုတ်ကုန်တွေ လှူဒါန်းသွား ဖို့ အမြဲတမ်းဆောင်ရွက်ပါတယ်၊ ကြက်ဥ၊ နွားနို့၊ ကြက်သား လိုအပ်တာ တွေရှိမယ်၊ အလျင်းသင့်သလို မွေးမြူရေး ထုတ်ကုန်တွေကို လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်သရွေ့ပါဝင်လှူဒါန်းသွားတာဖြစ်ပါတယ်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်တွေပူးပေါင်းပါဝင်လှူဒါန်းမှုဖြစ်ပါတယ်၊ကိုဗစ် ပထမလှိုင်းမှာတုန်းက ကြက်ဥကို အဓိကထားလှူဒါန်းခဲ့ပါတယ်၊ အလုံးရေ တစ်သိန်းခွဲလောက်ရှိမယ် ထင်တယ်၊ အခုကြက်သား လှူဒါန်းတာပါ၊ ပိဿာတစ်ထောင်ဆိုရင် သိန်းငါးဆယ်ဝန်းကျင် လောက် ရှိပါတယ်၊ နှစ်လမှာလိုအပ်သလို လှူဒါန်းသွားမှာပါ”ဟု ဆက်လက်ပြောသည်။
ပြင်ဦးလွင်မြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ပြင်ဦးလွင်မြို့နယ်ရှိ လိုအပ်သော နေရာများအတွက် ကြက်ဥ အလုံးရေ သုံးသောင်းလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိပ်ထားနိုင်