မိုင်းဖြတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေ ချစ်မြတ်နိုးသူများ အဖွဲ့(Book Club)အတွင်းရေးမှူး ဦးအောင်မြတ်မိုးက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာဆရာတင်မိုး ရေးစပ်သီကုံးထားသည့် အောင်ဆန်းဇာနည် ကဗျာဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခင်းကျင်းပြသထားသည့် (၇၆) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)