နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

နမ့်စန်() ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁၁၉ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လွိုင်လင်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇေယျက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းရှိစွာ စနစ်တကျ စီးနင်းမောင်းနှင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေး ဗီဒီယိုများပြသကာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က ခွဲ (၅) ရပ်ကွက်မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လွိုင်လင်)မှ ဒုတိယရဲမှူး ကျော်ဇေယျ၊ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(နမ့်စန်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်မောင်မောင်သက်လွင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)