ကျောက်ဆည် ဇူလှိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငရုပ်(၁၈၀၀)ဧက စိုက်ပျိုးထားကြောင်းနှင့် ငရုပ်သီးဈေးကောင်းမွန်သောကြောင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငရုပ်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကွက်ရရှိရေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်း အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းနှင့်နှစ်ပင်တန်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ နေရောင်ခြည် ကောင်းစွာရရှိပြီး အပင်သန်မာစေရန် အသီးအထွက်နှုန်းကောင်းမွန်စေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၃)ပေခန့်အကွာ စိုက်ပျိုးကြကြောင်းနှင့် ရောင်းချရာတွင် ဈေးနှုန်းရလိုမှုအပေါ်မူတည်ပြီး ငရုပ်သီးနှံများကို အသီးအစိမ်းခူးဆွတ်၍ရောင်းချသကဲ့သို့ အခြောက်လှန်းကာ ဈေးကွက်အနေအထား အပေါ်မူတည်ပြီး ရောင်းချခြင်းများပြုလုပ်ကြကြောင်း ငရုပ်စိုက် တောင်သူများထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ငရုပ်သီးနှံများကို မင်းရဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၅၉)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၄၀၄)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၃၉၀)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၁၆၇) ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၆၈၀)ဧက၊ စုစုပေါင်း(၁၈၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)