မန်တုံ ဇူလိုင် ၁၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်တုံမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုခို)၌ ယနေ့နံနက်ပိုင်း အချိန်က အာဇာနည်နေ့အကြို ဟောပြောပွဲကို ပြုလုပ် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန်တုံမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုခို)မှ လက်ထောက်(မူ/ပြ) ဒေါ်မိုးနှင်း အေးက အာဇာနည်နေ့ပေါ်ပေါက်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ အာဇာနည်စိတ်ဓာတ်အကြောင်း၊ သူ့ကျွန်ဘဝမှလွတ်မြောက်အောင် ကျိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်မှတ်ထင်ထင် ရှိစေရန်နှင့် လေးစားအတုယူဖွယ်ကောင်းကြောင်း ဟောပြောခဲ့ပြီး အလယ်တန်း၊ မူလတန်းပြ ဆရာ၊ ဆရာမ(၃)ဦးမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား အလှည့်ကျဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ၌ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းနှင့် မူလတန်းကျောင်းသူ၊ ကျောင်းသားများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အလယ်တန်းဆင့်၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ များလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)