ဇမ္ဗူသီရိ ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄၀) မူလွန် (လက်ပံခါးလှ)ကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့်လုပ်ရပ်ကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို မမေ့စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ သတ္တိနှင့်တကွ စံထား အတုယူထိုက်သော စိတ်ဓာတ်များကို လေးစားဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပသင့်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇမ္ဗူသီရိမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အာဇာနည်နေ့နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ လူငယ်ဆိုင်ရာအသိပညာပေး စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)