မိုင်းရယ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကဗျာစပ်ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(၁) ကျောင်းများမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၄)ဦး တို့က အာဇာနည်နေ့ အထိမ်းအမှတ် ဝမ်းနည်းခြင်းနှင့် ဂုဏ်ပြုခြင်းဆိုင်ရာ ကဗျာများကို စပ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူ များက လူထုအခြေပြုဗဟိုခန်းမ၌ ပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်း၊ ဗိုလ်ချုပ် အောင်ဆန်းနိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်း စသည့်နံရံကပ်စာစောင်များကို ကြည့်ရှု လေ့လာခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)