လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာတွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များ၌ရေကန်ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင်ပိုးလောက်လန်းကာကွယ်ရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)