ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ဇူလိုင် ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နေ့လယ် (၁၄း၀၀)နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် မြန်မာနိုင်ငံ ပန်းချီ၊ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)ကို ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီအသင်းကြီး”(Burma Art Club)အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၅ နှစ်သက်တမ်းရှိသည့် အစည်းအရုံးကြီး တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)သည် ခေတ်သမိုင်း အဆက်ဆက်တွင် ပန်းချီပညာရှင်များနှင့် ပန်းချီလောက၏အကျိုးအပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကိုပါ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ခဲ့သော အစည်းအရုံးကြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ တိုက်တွန်း ချက်ကြောင့် မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး အမှုဆောင်အသစ်ရွေးချယ်ခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ နာယကအဖွဲ့ဝင် ၉ ဦး၊ ဥက္ကဋ္ဌ ဦးမိုးကျော်သန့်၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းမောင်မောင်ရွှေ အပါအဝင် ဗဟိုအမှုဆောင် ၈ ဦးနှင့် မြို့နယ်ကိုယ်စားလှယ်များ ဆန္ဒပြုသော ဗဟိုအဖွဲ့ဝင် ၆ ဦးတို့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပါကြောင်း၊      ထိုအမှုဆောင်အဖွဲ့အသစ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒါကြောင့် အမှုဆောင်အဖွဲ့ အသစ်အနေနဲ့ အစည်းအရုံးကြီးကို ယခုထက်ပိုမို၍ တိုးတက်အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရန်တိုက်တွန်းလိုပါကြောင်း၊ ယခုလက်ရှိ ‌‌တာဝန်ထမ်းဆောင်နေသော အလုပ်အမှုဆောင်များ သက်တမ်းကုန်ဆုံးလျှင် နောင်ရွေးကောက်ပွဲမတိုင်မီ အလုပ်အမှုဆောင် ရွေးချယ်ခြင်းများကို လည်း ဖွဲ့စည်းပုံ၊ စည်းမျဉ်းပါ သတ်မှတ်ချက်နှင့်အညီ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်၍ အမှုဆောင်အသစ်များ ရွေးချယ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစည်းအရုံး၏ ရငွေ၊ သုံးငွေစသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအား ဘဏ္ဍာရေးဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပြီး၊ တစ်နှစ်တစ်ခါ စာရင်း စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)တွင် ဘဏ္ဍာရေးမှူးပါရှိပြီး၊ စာရင်းကိုင်(၁)ဦး မပါရှိသဖြင့် စာရင်းကိုင်(၁)ဦးခန့် အပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခန့်အပ်ရာတွင်လည်း B.Com ဘွဲ့ရရှိပြီးသူ(သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး စာရင်းအင်းပညာ တတ်ကျွမ်းသူကိုသာ ခန့်ထားရန်လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးမိုးကျော်သန့်နှင့် တာဝန်ရှိသူများက ပန်းချီပန်းပုအစည်းအရုံး(ဗဟို)အနေဖြင့် ပန်းချီပန်းပုပညာရှင်များ၏အကျိုးကို ရှေ့ရှု၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံးအနေဖြင့် ပန်းချီပန်းပုပညာရပ်ဆိုင်ရာ တိုးတက်မြင့်မားစေရန်သာမက ပန်းချီပန်းပု လောကသားများ၏ အကျိုးစီးပွားအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း၊ ထို့အပြင် ရိုးရာပန်းဆယ်မျိုး ပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်စေလိုပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဝိုင်းဝန်းပံ့ပိုးနိုင်ပါစေကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)