နမ့်ဆန် ဇူလှိုင် ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများ ဟောပြောခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ရှင်းလင်းပြောကြားခြင်းပြီး၊ ဒုတိယဦးစီးမှူးမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများက အာဇာနည်နေ့နှင့် ပတ်သက်သည့်ပုဂ္ဂိုလ်(၉)ဦး ထဲမှကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားရာတွင် စကားလုံးပီသမှု၊ အချက်အလက်ပြည့်စုံမှု၊ စာလုံးပေါင်းသတ်ပုံမှန်ကန်မှုများအား စစ်ဆေးအကဲဖြတ်ကာ ဆုရရှိသည့်ကျောင်းသား/ကျောင်း သူများအား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများအား (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင် များပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့် ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ နမ့်ဆန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (ထ.ခွဲ.လ-၁)မှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)