ပင်းတယ ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် စိုက်ပျိုးရောင်းချကြပြီး ရာသီဉတုနှင့် ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအချိန်တွင် ဆီနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် သရက်ကုန်း၊ ရေချမ်းစင်၊ ရေဖြူ၊ ရွှေပုထိုး၊ ကျောက်တော၊ သစ်အယ်ပင် အစရှိသည့် ကျေးရွာများတွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံနေကြာများကို ဧကအများအပြား စိုက်ပျိုးထားပြီး အချို့ခြံများတွင် နေကြာများကို မြေပဲ စိုက်ခင်းများအတွင်း၌ သီးညှပ်စိုက်ပျိုးထားကြသည်။ ဆီနေကြာများစိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်ကောင်းများ ရယူ၍ စိုက်ပျိုကြပြီး (၁)ဧကလျှင် (၃)ကီလိုပါရှိသည့် မျိုးစေ့ (၃)ထုပ်စိုက်ပျိုးကာ (၁)ဧကလျှင် (၂၀)တင်းမှ (၂၅)တင်းအထိထွက်ရှိကြောင်း၊ နေကြစေ့ (၃၀)ပိဿာကို ကြိတ်ပါက နေကြာဆီ (၁၀)ပိဿာခန့်ရရှိကြောင်းနှင့် ထွက်ရှိလာသည့်နေကြာဆီများကို မိသားစု စားသုံးဆီဖူလုံရေး အတွက်ထားရှိပြီး ရောင်းချကြရာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း ဆီနေ ကြာ စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)