မိုင်းကိုင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များအား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပန်ကေတုကျေးရွာအုပ်စုနှင့် တုံလောကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)သည် တောင်သူများအတွက် ပိုင်ဆိုင်မှုအထောက်အထားဖြစ်ပြီး အင်မတန်အရေးကြီးအသုံးဝင်ကြောင်း၊ မှန်မှန်ကန်ကန် အသုံးချတတ်ရန်နှင့် ထိန်းသိမ်းကြရန်လိုကြောင်း၊ လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်ပြုလက်မှတ်ရရှိသောကြောင့် တရားဝင်ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့် စသည့်ကိစ္စရပ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း စသည့်ဖြင့် အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက တောင်သူများထံ လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များကို ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မိုင်းကိုင်မြို့နယ်၊ တုံလောကျေး ရွာအုပ်စုအတွင်း တောင်သူ ၁၁၁ ဦး၊ ဦးပိုင် ၁၂၄ ဦးပိုင်၊ ဧရိယာ ၃၂၈.၉၅ ဧကနှင့် ပန်ကေတုကျေး ရွာအုပ်စုအတွင်း တောင်သူ ၇၆ ဦး၊ ဦးပိုင် ၁၁၃ ဦးပိုင်၊ ဧရိယာ ၂၈၉.၆၁ ဧကတို့အတွက် လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)များကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)