ကျောက်ဆည်မြို့တွင် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများအချင်းချင်း စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်း တိုးပွားပြီး အသိပညာ ဗဟုတသုများ ဖလှယ်နိုင်ခြင်း၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ စာဖတ်ဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး သီတဂူ(ကျောက်ဆည်)က အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နှင့်အောင်စိတ်၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ လူငယ်နှင့်သဘာဝဘေးအန္တရာယ် အကြောင်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်ချောယဉ်မင်းက လူငယ်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ၊    စသည့် အကြောင်းအရာများ ဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်သည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့်  လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်သည် အကောင်းဆုံးဘဝခရီးကို ဆက်လက်လျှောက်လှမ်းနိုင်စွမ်းရှိဖို့ မိဘများ၏ အကြံကောင်းများကို လိုအပ်ကြောင်း လူငယ်များအတွက် မှန်ကန်သော လမ်းညွှန်မှု နည်းလမ်းကောင်းများကို များစွာရရှိသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း  သိရသည်။

သက်မောင်(ပြန်/ဆက်)