၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများချီးမြှင့်

လားရှိုး ဇူလိုင် ၁၇

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့၊ နေ့လယ် ၁ နာရီ အချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ၌ ကျင်းပရာအခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး  တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်သည်အစားခန့်အရပ်သား ဝန်ထမ်းများနှင့် ဆုရ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုသူ (၃၀၉) ဦးတွင် (၁၆၄) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး (၄) ဘာသာ ဂုဏ်ထူးရရှိသူ (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၁၀) ဦး၊ (၁) ဘာသာဂုဏ်ထူး ရရှိသူ (၄၇) ဦး၊ ရိုးရိုးအောင်မြင်သူ(၁၀၃) ဦးတို့ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၅၃.၀၇) ဖြစ်ကြောင်းသိရသည်။

စိုင်းထွန်း ( လားရှိုး )