မောက်မယ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)အရ လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှရုံးသို့ မလာရောက်နိုင်သော သက်ကြီးဘိုးဘွားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လ.ဝ.ကဦးစီးမှူး ရုံးဝန်ထမ်း များမှ ယမန်နေ့နံနက် ၁၀ နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ ပူယာစန်းကျေးရွာ၊ ကျေးရွာခန်းမဆောင်တွင် ကွင်းဆင်း၍သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများ၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား(သုံးခေါက်ချိုး)မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြောင်းလဲထုတ်ပေးနိုင်ရေးအတွက် ဟိုနမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ရှေ့ပြေးပုံစံနှင့် နိုင်−၂ ပုံစများကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ကာ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများမှ သက်ကြီးဘိုးဘွားများ(၁၅)ဦးအား အခမဲ့ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)