မင်းပြား ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်ရှိ ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မင်းပြားမြို့နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသနေငါးမွေးမြူသူများ တက်ရောက်ကြသည်။
ဆက်လက်ပြီး မင်းပြားမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော်က မင်းဘာကြီးဆိပ်ခံတံတားမှ လေးမြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမကြီးငါးမျိုးများအား စိုက်ထည့်ပေးသည်။
ဆက်လက်ပြီး မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ဒေသနေ ငါးမွေးမြူသူများက ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမကြီးကောင်ရေ သုံးသိန်းငါးသောင်းအား လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ မင်းပြားမြို့နယ်၏ ငါးလုပ်ငန်းဦးစီးဌာနသည် မြို့နယ်အတွင်း ငါးသယံဇာတတိုးပွားရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေးဟောပြောခြင်း၊ ချောင်းရှည်အုပ်စု၊ ချောင်းရှည် ကျေးရွာ၌ငါးသားပေါက်စခန်းဖွင့်လှစ်ပြီး ငါးမျိုးရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဆည်၊ ကန်များနှင့် လေးမြို့မြစ်၌ နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိပြီး မိုးဦးကာလငါးဥချချိန်နှင့် ငါးသားပေါက်ချိန်များတွင် ငါးဖမ်းဆီးခြင်းမပြုရန်နှင့် သတ်မှတ်ထားသော ငါးဖမ်းကိရိယာနှင့်သာငါးဖမ်းယူခြင်း၊ ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်တည်တံ့သော ငါးရိက္ခာထုတ်လုပ်မှုဖြစ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြောင်းငါးလုပ်ငန်းဦးစီးမှူး ဦးထင်ကျော်ထံမှ သိရသည်။
သောင်းရွှေ(ပြန်/ဆက်)