အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာ ခြင်း မရှိစေရေးအတွက်စစ်ဆေး

ရန်ကုန် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်းမရှိစေရေးအတွက် အဖွဲ့စုံဖြင့်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က (၁၄)လမ်းဆုံအနီး ရွှေပြည်သာတံတားအဆင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်း ဖြတ်ကျော်သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ စက်ဘီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး Stay at Home စည်းကမ်းများနှင့်အညီ ထောက်ခံ ချက်မပါ၊ အကြောင်းပြချက်မခိုင်လုံသော လမ်းပေါ်ထွက်လာသူများအား လာရာအရပ်သို့ ပြန်လှည့်ခိုင်းခြင်း၊ ပြည်သူ များ မိသားစုကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွဲ၍ မလိုလားအပ်ဘဲ သွားလာမှုများ မရှိစေရန် စသည်တို့ကို အသိပညာပေးစစ်ဆေးရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများဖြစ်သော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ စည်ပင် သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် Stay at Home အမိန့် ညွှန်ကြားချက်များအား လိုက်နာစေရေးအတွက် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)