ပျဉ်းမနား ဇူလိုင် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက်ပိုင်းက ကင်ပွန်းတန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်းစီမံချက်(၂)” ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ကင်ပွန်းတန်းအုပ်စုအတွင်းရှိမြေပြင်ကွင်းဆင်းစစ်ဆေးချက်အရအကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေသော ပြည်သူ ၅၂ ဦးတို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှုမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ ဆက်)