ကျောက်ဆည်မြို့နယ်တွင် (၆၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲကျင်းပပြုလုပ်ရာ ရှင်သာမဏေ(၅၀၄)ပါးဝင်ရောက်ဖြေဆို

ကျောက်ဆည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက  ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၆၆)ကြိမ်မြောက်  မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှင်သာမဏေ(၅၀၄)ပါး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။

အဆိုပါဝိနည်းစာမေးပွဲအား ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင် ဆရာတော်ကြီးများကြီးမှူးပြီး ပဓာနဝန်ဆောင်ဆရာတော်ကြီးများအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ရှင်သာမဏေများမှ မူလအဆင့်တွင်(၂၉၆)ပါး၊ ပထမအဆင့်တွင် (၁၄၉)ပါး၊ ဒုတိယအဆင့်တွင်(၂၉)ပါး၊ တတိယအဆင်တွင်(၂)ပါး၊ စတုတ္ထအဆင့်တွင်(၉)ပါး၊ ပဉ္စမအဆင့်တွင်(၅)ပါး၊ ဆဌမအဆင့်တွင်((၅)ပါး၊ သတ္တမအဆင့်တွင်(၄)ပါး၊ အဌမအဆင့်တွင်(၃)ပါး၊ နဝမအဆင့်တွင်(၃)ပါး စုစုပေါင်း(၅၀၄)ပါး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေးပွဲဖြေဆိုရာတွင် ရာသက်ပန်ဆွမ်းအလှူရှင် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မှ ဦးညီညီနိုင်+ဒေါ်ခိုင်ဆွေသန့် (ရှင်းမျက်မှန်)မိသားစုမှ နေ့ဆွမ်းနှင့်အချိုပွဲများနှင့် စုကြီးရပ်ကွက် ဦးညီညီအောင်+ဒေါ်စန္ဒာဝင်း (စွမ်းကု်နစည်ပို့ဆောင်ရေး) မိသားစုမှ ရေသန့်နှင့်အချိုရည်များ ဆက်ကပ်ခဲ့ကြေင်း သိရသည်။

မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲတွင်အောင်မြင့်သည့် ရှင်သာမဏေစာရင်းများကို မြို့နယ်သံဃနာယကအဖွဲရုံး၌ ပထမဝါဆိုလဆန်း(၁၄)ရက်နေ့တွင်  ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ဩဂုတ်(၁၁) ရက်နေ့တွင် သီရိသာသနာ့ဓမ္မာရုံ၌ စာအောင်လက်မှတ်များ ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ပြန်/ ဆက်)