မိုးညှင်းတက္ကသိုလ်၌ ခရိုင်/ မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင်အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကျင်းပ

မိုးညှင်း ဇူလိုင် ၁၆

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ခရိုင်နှင့်မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင် အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါ ချစ်ကြည်ရေး အားကစားပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ် မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာ ကစားနိုင်စေရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများနှင့် တစ်ဦးချင်းအလိုက်မိတ်ဆက် ပြောကြားကာ ခရိုင်နှင့် မြို့နယ်တို့မှ ဘောလီဘော လက်ရွေးစင်အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် လောလီဘောအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြပြီး ခရိုင်နှင့် မြို့နယ်တို့မှ ကိုယ်စားပြု အားကစားသမားများအား မိုးညှင်းတက္ကသိုလ်မှ တာဝန်ရှိသူများက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ ဆက်)