လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေး

လမ်းမတော် ဇူလိုင် ၁၆

လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြေပြင်အခြေအနေတွင် အမှန်တကယ်ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို သိရှိနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်ပစ္စည်းများတင်ပို့ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာ တင်ပို့၊ တင်သွင်းနိုင်ရန်အတွက် ဖြေလျှော့ပေးနိုင်သမျှ ဖြေလျှော့၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မှုဇုန်များတွင်လည်း စက်သုံးဆီ လုံလောက်စွာရရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် ပုဂ္ဂလိကကဏ္ဍမှလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေ လိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၃) ရပ်ကို အသင်းချုပ်တွင်ကျင်းပဆောင်ရွက်ခဲ့ပြီး ဖော်ထုတ်ချက် (၄၁) ချက်ရှိပါကြောင်း၊  AD Bank များ Export, Import နှင့်သက်ဆိုင်သည့်  ဗဟိုဘဏ်မှ ညွှန်ကြားချက်အပေါ် ရှင်းလင်းစွာ နားလည်သဘောပေါက်စေရေး Awareness Workshop တစ်ခုကိုလည်း အသင်းချုပ်၌ပင်ကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် သိသာသည့်ရလာဒ်များ ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်မှာလည်း မငြင်းနိုင်ပါကြောင်း၊ အသင်းချုပ်အနေဖြင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက်  ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးဖော်ထုတ်ချက်များမှ ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြခဲ့ရာ လယ်ယာထွက်ကုန်သီးနှံကဏ္ဍ၊ ဝါ၊ CMP နှင့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းကဏ္ဍတို့မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့်အချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဝါစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက လတ်တလောမြေပြင်တွင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက် အခဲများကို မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဖက်မှဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးအေးထွန်းနှင့် ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်နှင့် ဦးရဲမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့် (ပြန်/ ဆက်)