ရသေ့တောင် ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လည်(၁၂)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူတောင်ကျေးရွာနှင့်ဦးဂါကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည်ကူ တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းနှင့်ဦးဂါ ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ် ခံခဲ့ရသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများပြည်သူများ လက်ဝယ်ရောက်ရှိခြင်းရှိ၊မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သင်္ကန်း(၂)စုံ၊ ငါးသေတ္တာဘူး(၂၀၀)ဘူး၊ ကော်ဖီမစ်(၁၂)ထုတ်၊ ငါးခြောက်(၁)အိတ်နှင့် ရေသန့်ဆေးပြားတို့အားကျေးရွာသူ၊ ကျေးရွာသားများအား ထောက်ပံပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ ဆက်)