ကျိုင်းတုံမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများပြုလုပ်

ကျိုင်းတုံ ဇူလိုင် ၁၆

၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့်  (၇၆) နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ-လ-က(၃) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ-လ-က(၃)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဟောပြောပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်၊ ဇူလိုင် (၁၉) ရက်နေ့တွင်ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် (၉) ဦးတို့၏ အတ္တုပ္ပတ္တိအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် စာအုပ်စာစောင်ပြပွဲဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများက သုတ/ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)