ဆီဆိုင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုး အဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဆီဆိုင်မြို့ပေါ်(၆)ရပ်ကွက်အတွင်း လူမူရေးပင်စင်ရရှိသော အဘိုး(၈)ဦးနှင့် အဘွား(၁၃)ဦး၊ စုစုပေါင်း(၂၁)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ခြောက်သိန်းသုံးသောင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိမိချို၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ပြန်/ ဆက်)