ဘူးသီးတောင် ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈) နာရီ အချိန်က ဘူးသီးတောင်မြို့၊ ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်တို့၌ သန့်ရှင်းသာယာစေရေးနှင့် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်၊ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်းအင်အား (၂၀၅) ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ်ထားရှိသော Oxygen စက်ရုံသို့ သွားရောက်ကြည့်ရှုကာ Oxygen စက်ရုံမှ Oxygen ထုတ်လုပ်နိုင်မှုအခြေအနေများနှင့် Oxygen စက်ရုံမှ တစ်ရက်လျှင် Oxygen (၄၀) လီတာဗူး (၈၀) မှ (၁၂၀) လုံး အထိထုတ်လုပ်နိုင်ပြီး လက်ရှိတွင် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှ လူနာများအတွက် လိုအပ်သော Oxygen (၄၀) လီတာဗူးများကို သုံးစွဲလျှက်ရှိကြောင်းနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားရာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)