နမ့်ခမ်း ဇူလိုင် ၁၆
ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏ အထိမ်းအမှတ်နေ့များကိုသတိတရရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစာမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၇၆)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အထက(၁) ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကိုမြို့နယ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပပေးခဲ့ပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်မှကျောင်းသား/ကျောင်းသူများနှင့် ဆောင်းပါး ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြရာ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို အာဇာနည်နေ့အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထူးချွန်သည့် ပြိုင်ပွဲဝင်ကျောင်းသားများကို မြို့နယ်အဆင့်မှ ခရိုင်၊ ပြည်နယ်အဆင့်ဆင့် ပြိုင်ပွဲဝင်နိုင်ရန် လမ်းဖွင့်ပေးထားပြီးဖြစ်ပါကြောင်းနှင့် မိမိတို့မြို့နယ်မှ ကျောင်းသားများပါဝင်နိုင်ရန်အတွက် မျှော်လင့်ထားပါကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်က ပြောကြားခဲ့သည်။
နမ့်ခမ်း(ပြန်/ဆက်)