မောင်တော ဇူလိုင် ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးပျက်စီးခဲ့သော ကျေးရွာများတွင် မျိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်းများသိုလှောင်ရုံအား သွားရောက်စစ်ဆေးပြီး နတ်မြစ်ဝအတွင်းကမ်းစပ်အနီး ဒီရေတောသွားရောက် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သောကျေးရွာများတွင် မျိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ အား အချိန်မှီစိုက်ပျိုးနိုင်ရန်အတွက်နိုင်ငံတော်မှ မျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေ များ၊ ကျောက်ပန္ဒူကျေးရွာ နှင့် အင်းဒင်ကျေးရွာများတွင် တောင်သူများအနေဖြင့် မျိုးစပါးများ အချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ဦးဆောင်ကာ ဆောင်ရွက်နေသည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်တာဝန်ရှိသူများသည် ကညင်တန်းရပ်ကွက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးအတွင်းရှိ ပစ္စည်းများ သိုလှောင်ရုံအား သွားရောက်စစ်ဆေးရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မောင်တော ခရိုင်ဦးစီးမှူးက ထောက်ပံ့ပစ္စည်းများအား အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းထားသည့် အခြေအနေများ လိုက်လံ ရှင်းလင်းပြသခဲ့ပြီး ထောက်ပံ့ပစ္စည်းများအား ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်သစ်တော ဦးစီးမှူး ဦးဟိန်းကျော်နိုင် နှင့်တာဝန်ရှိသူများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ နတ်မြစ်အနီးကမ်းနားတစ်လျှောက် ဒီရေတောများ ပိုမိုများ ပြားလာစေရန်နှင့် မုန်တိုင်းကြောင့်သက်ရောက်မည့် လေဒဏ်၊ လှိုင်းဒဏ်အားပိုမိုကာကွယ်နိုင်စေရန် ရည်ရွယ်၍ တက်ချောင်းနှင့် နတ်မြစ်ဝဆုံရာ ကမ်းနားတစ်လျှောက်တွင် သမဲ့၊ သမဲ့ကြီးနှင့် သမဲ့ကြက်တက် စုစုပေါင်း ၂၄၂၀ ပင်အား တာဝန်ရှိသူများက သွားရောက်စိုက်ပျိုးခဲ့ကြသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)