နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့နယ် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့အတွက် နေပြည်တော် ပျဉ်းမနားမြို့နယ် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်  ၇ နာရီခွဲ အချိန်တွင် ပျဉ်းမနားမြို့နယ် သကြားစက်ကျေးရွာ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တော ဖုံးလွှမ်းမှုကောင်းမွန်စေရန်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူအများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရေး တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ လူနေမှုအဆင့် အတန်းမြင့်မားစေရေး၊ သာယာလှပပြီး အဆင့်မီသည့် Green City၊ Clean City၊ Smart City ဖြစ်စေရေးတို့ကို ရည်မှန်းဆောင်ရွက်လျက်ရှိရာ ထို့နည်းတူနိုင်ငံအဝှမ်းမြို့ပြများနှင့် ရပ်ရွာဒေသ အသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် လမ်းဘေး ဝဲ/ယာများ၊ သစ်ပင်သစ်တောများ၊ စိမ်းလန်းမြေများ(Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ် မစိုက်ခင်းများနှင့် စိမ်းလန်းစိုပြည်သည့် Land Scape များကို တိုးမြှင့်တည်ထောင်သွား ကြရမည်ဖြစ်ကြောင်း၊ သစ်ပင်များကို စိုက်ပျိုးရုံ သာမကအပင်များ ရှင်သန်အောင် စနစ်တကျပြုစု ထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ သစ်တောသယံ ဇာတများ သားစဉ်မြေးဆက် ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ် ရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချနိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေ ရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းတွေကို ပြည်သူတစ် ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် ခရေပင်ကို စိုက်ပျိုးပေးသည်။

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် သစ်ပင်များကို တပျော်တပါးစိုက်ပျိုးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရေ၊ မယ်ဇလီ၊ မန်ကျည်း၊ တမာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ဆီသပြေ၊ သစ်ဖြူ၊ ချင်းဒညင်း၊ တပေဘူတ၊ စိန်ပန်းပု၊ ကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ကျွန်း၊ မဟော်ဂနီ စသည့်သစ်ပင်စုစုပေါင်း  ၁၈၀ အား စုပေါင်း စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ် ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ပြီးတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီမှာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ပေါများလာ မည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေး လုပ်ငန်း များကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ပါကြောင်း၊ ကျေးလက်နေတောင်သူများ လူမှုဘဝ မြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် သီးနှံမျိုးစုံမျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများရရှိ စေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်း(၄)ရပ်ကို တစ်ခုမှ လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ကြောင်‌ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က စိုက်ပျိုးရေး ကဏ္ဍ ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက ရေရရှိရေး၊ သွင်းအားစုဓာတ် မြေဩဇာ ရရှိရေးနှင့် သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပြန်လည်ဖြေကြားခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးရေး နည်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ် များ၌ သတ်မှတ် နေရာများတွင် ပြည်သူများနှင့်အတူ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကသက်ဆိုင်ရာ မြို့နယ်များအလိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်တောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် စပ်လျဉ်၍ ရှင်းလင်း ပြောကြာပြီး တောင်သူများက သိလိုသည်များကို မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးရေး နည်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားများ၌ ခရေ၊ မယ်ဇလီ၊ မန်ကျည်း၊ တမာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ဆီသပြေ၊ သစ်ဖြူ၊ ချင်းဒညင်း၊ တပေဘူတ၊ စိန်ပန်းပု၊ ကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ကျွန်း၊ မဟော်ဂနီ စသည့်သစ်ပင် စုစုပေါင်း(၁၂၉၀)ပင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)