စစ်တွေ ဇူလိုင် ၁၆
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေတပ်နယ်၌တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကုဆေးကုသရေး အဖွဲ့မှ ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေတပ်နယ်၌ တွေ့ဆုံကာ ဂုဏ်ပြုအားပေး စကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက တပ်ဖွဲ့ဝင်များအတွက်ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ဆေးကုသမှုခံယူနေကြသူများကို သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား ထမင်းငနီတူခြောက် ကြော်များကို ထောက်ပံ့ပေးကြသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် အတွင်းရှိဆေးရုံများမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအပြင် အထွေထွေရောဂါ ကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ ကလေးအထူးကုဆရာဝန်များပါဝင်သော အထူးကု ဆေးအဖွဲ့များစေလွှတ်၍ ရခိုင်ပြည်နယ်အရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့မှ နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ အရိုး၊ အကြော၊ အဆစ်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါ ခွဲစိတ်အထူးကု၊ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများ၊ စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အထူးကုဆရာဝန်ကြီးများ၊ ဒေသခံအငြိမ်းစား အထူးကုဆရာဝန်ကြီးများစသည့် အထူးကုဆရာဝန်ကြီးများက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီး၌ နှစ်ရက်ကြာ ကုသပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ ဆက်)