တာချီလိတ် ဇူလိုင် ၁၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ရွှေတြိဂံဇုန်)၏ ပူးပေါင်းပါဝင်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုအခြေခံလုပ်ငန်းဖြစ်သဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ တိုးတက်ကောင်း မွန်ပြည့်စုံစေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေး များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်း လူငယ်/ လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ကာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်စေရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်များဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်း ရေးသင်တန်း၊ ဧည့်ကြိုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ(ဝန်ဆောင်မှု) သင်တန်းသုံးမျိုးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ တစ်လကြာ သင်တန်းသား/ သင်တန်းသူ ၁၇၅ ဦးအား ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်သောကြောင့် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်စေရန် သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ ဆက်)