တာချီလိတ် ဇူလိုင် ၁၆
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရယူခဲ့သောအောင်ပွဲရ တာချီလိတ်မြို့နယ် အမျိုးသမီး ဘောလုံးအသင်းအား ယမန်နေ့ ညနေ ၅ နာရီအချိန်က ဌာနဆိုင်ရာများနှင့်ပြည်သူများမှ တာချီလိတ်လေဆိပ်သို့သွားရောက်၍ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ရရှိခဲ့သည့် တာချီလိတ်မြို့နယ်ကိုယ်စားပြု အမျိုးသမီး ဘောလုံးအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေပန်းများဖြင့် သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းနာက် အောင်ပွဲရအားကစားသမားများအားတာချီလိတ်မြို့ ယူဝရက်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး၊ ဂုဏ်ပြုဆုချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင်ခဲ့ကြသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြရာ၊ ဗိုလ်လုပွဲတွင် တာချီလိတ်မြို့နယ်အမျိုးသမီးဘောလုံးအသင်းမှ ညောင်ရွှေမြို့နယ် အမျိုး သမီးဘောလုံးအသင်းကို (၁ဂိုး-ဂိုးမရှိ) ဖြင့် အနိုင်ရရှိ ဗိုလ်စွဲကာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ပထမဆုရရှိခဲ့ကြောင်းသိရသည်။
အေးအေးလတ် (ခရိုင်ပြန်/ ဆက်)