ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

ကျောက်ဖြူ  ဇူလိုင် ၁၆

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်းသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ပြီး ၎င်းကောလိပ်ခြံဝန်း အတွင်း/ အပြင်နှင့် သဇင်အဆောင်နှင့် ပိတောက်အဆောင် အနောက်ဘက်ခြမ်းရှိ  အမှိုက်များနှင့် ခြုံနွယ်များကို ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဆိုပါကောလိပ်၌ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ် နေမှုအား ကြည့်ရှုအားပေးသည်။  ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တစ်လုံးဘုရားသို့ ရောက်ရှိကာ ၎င်းဘုရားခြံဝန်း အတွင်း/အပြင်တို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမျာမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးပြီး သမိုင်းဝင် ကျောက်တစ်လုံးဘုရားအား ဖူးမြော်ကြည်ညိုကာ ကျောက်တစ်လုံး၊ မဟာဗောဓိ တပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာဘာသအား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)