တောင်ကုတ်မြို့နယ်၌ စိုက်ပျိုးသီးနှံတိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ်လျက်ရှိ

တောင်ကုတ် ဇူလိုင် ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ တိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တောင်ကုတ်-သံတွဲကားလမ်းတစ်လျှောက်ရှိ တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့်အဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် ဘောင်စနစ်ဖြင့် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများအောင်မြင် ဖြစ်ထွန်းနေမှုများကို ကြည့်ရှုပြီးနောက် မိုးစပါးတစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစံနစ်များနှင့် အညီကောက်ကွက် ပြည့်မီစွာစိုက်ပျိုးနိုင်‌ရေးနှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျအသုံးပြုနိုင်ရေးတို့ကို စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေးခဲ့ ကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၆၈၄၀၂) ဧက စိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)