မူဆယ် ဇူလိုင် ၁၆
ဉပဒေရေးရာ၌ မျှတမှုနှင့်တန်းတူညီမျှမှုအခွင့်အရေးများရရှိစေရန်နှင့် အများပြည်သူအနေဖြင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မူဆယ်မြို့နယ်ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့မှ ပြည်သူလူထုအတွက် ဉပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ရှင်းလင်းဆွေးနွေးပွဲတွင် မူဆယ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ပြစ်မှုဆိုင်ရာဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင်းလင်းမြင်သာပြီး တရားမျှတမှုရရှိပြီး တရားဥပဒေစိုးမိုးမှုနှင့်တရားဥပဒေအပေါ်ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်နှင့် ဆင်းရဲနွမ်းပါး ဒေသခံပြည်သူများအတွက် မှန်ကန်သော ဉပဒေဆိုင်ရာအထောက်အကူပေးမှုများရရှိစေရန် အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ပြဌာန်းထားချက်များ၊ ဥပဒေဆိုင်ရာအထောက် အကူပေးခြင်းဥပဒေနှင့်နည်းဥပဒေများ၊ အခြေခံမူများနှင့်ဥပဒေ၏သဘောသဘောဝများ၊ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများနှင့် အထောက်အကူပေးနိုင်သည့်လုပ်ငန်းများအပြင် ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ဉပဒေရေးရာဆိုင်ရာစိတ်ပါဝင်စားသူများက တရားဥပဒေနှင့်ပတ်သက်၍ မရှင်းလင်းသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါ သည်။ထို့အပြင် မူဆယ်မြို့နယ် ဉပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးလုပ်ငန်းများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါတရားဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများ ရှင်လင်းဆွေးနွေးပွဲသို့ မူဆယ် မြို့နယ်ပရဟိတအသင်းအဖွဲ(၁၀)ဖွဲ့၊ ရှမ်း၊တအာင်း(ပလောင်)၊ကရင်၊ကချင်နှင့်လီဆူးစသည့် တိုင်းရင်းသား ယဥ်ကျေးမှုအသင်းအဖွဲများနှင့် တရားဥပဒေဆိုင်ရာစိတ်ပါဝင်စားကြသူများ (၄၀)ဦး တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ ဆက်)