လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်  သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (၂)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေ၀င်း ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ  ဦးထက်နိုင်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတ္ငင် သတိထား ဆောင်ရွက်ရမည့်အချက်များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသေ ာခန္ဓာကိုယ်၊ ရေစိုအ၀တ်အစား၀တ်လျက် ကိုင်တွယ်ခြင်းမပြုရန်၊ တမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရန်၊ လေမိုးထန်နေချိန်တွင် ဓာတ်အားလိုင်များအနီး နေထိုင်ခြင်းကို ရှောင်ကျဉ်ရန် စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/သူလေးများက  လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရန်  ရှောင်ရှားသင့်သည့်အချက်များကိုမေမြန်းရာ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးထက်နိုင်က သိရှိလိုသည်များကို  ပြန်လည်ဖြေကြားပေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပေးစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)