တွံတေးမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

တွံတေး  ဇူလိုင်   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (ဧကာဒသမ)အကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွှန့်က လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရှင်းလင်း ပြောကြားရာတွင် လူကုန်ကူးမှုဥပဒေဆိုင်ရာဖွင့်ဆိုချက်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးရာတွင် အသုံးပြုလေ့ရှိသောနည်းလမ်းများ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးအစားများ၊ လူကုန်ကူးမှုအဆင့်များ၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုကို Grade-9 မအေးရတနာကြည်၊ ဒုတိယဆုကို Grade- 9မှ မပုလဲဖြူဝင်း၊ တတိယဆုကို Grade-9မှ မမို့မို့သူအောင်တို့ကလည်းကောင်း ဆုများအသီးသီးရရှိကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူ ဆရာ၊ ဆရာမများက ဆုများအသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်ဟောပြောပွဲနှင့် ကျပန်စကားပြောပြိုင်ပွဲအပြီးတွင် တက်ရောက်လာသူများက လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာများအား ပြသထားရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၁၅၀) ဦးခန့် တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား