နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲသို့တက်ရောက်

လယ်ဝေး ဇူလိုင် ၁၅

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူး ဦးသူအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ အသိပညာပေးစင်တာတွင် ကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံပွဲနှင့် ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟု ပါရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံသွင်းအားစုများလည်း ပြည့်စုံနေပါကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံပါက ပြည်ပသို့တင်ပို့ကာ ပြည်ပဝင်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လယ်ဝေးမြို့နယ်အနေဖြင့် ယခုနှစ်တွင် အစိုးရဆည်ရေဖြင့် နွေစပါး ၁၇၅၃၆ ဧက စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးများအထွက်နှုန်းကောင်းသည့်အပြင် ဈေးကောင်းရရှိသဖြင့် ယခုနှစ် နွေစပါးစိုက်တောင်သူများ တစ်ဧကလျင် အမြတ်ငွေ ၁၀ သိန်းခန့် ရရှိသည်ဟု သိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခု မိုးစပါးကိုလည်း မြို့နယ် ၈ မြို့နယ်တွင် ဧက ၂၀၀၀၀ လျာထားပါကြောင်း( မျိုး၊ မြေ၊ ရေ၊ နည်း)ဟူသည့် နည်းလမ်း ၄ ရပ်ပြည့်စုံမှသာ မိမိတို့လိုချင်သည့် ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ရရှိသည့် သွင်းအားစုများကို ပြည့်ပြည့်ဝဝ ထည့်သွင်းအသုံးပြုကာ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက ၂၀၂၃- ၂၀၂၄ ခုနှစ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းထိန်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းတောင်သူများအတွက် သွင်းအားစုများ၊ စပါးမျိုး၊ နှမ်းမျိုး၊ နေကြာမျိုးစေ့များနှင့် သဘာဝဓာတ်မြေသြဇာအိတ်များပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းဖြင့် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်များ စိုက်ခင်းသို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးဦးဝင်းထိန်နှင့် တာဝန်ရှိသူများက သီးနှံစိုက်ပျိုးမှုနည်းစနစ်များနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် မဒေါ့ပင်ကျေးရွာအနီးရှိ ဒေါ်သူဇာလွင်၏ အသားတိုးဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ လယ်ဝေးခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းမြင့်သိန်းက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

နေပြည်တော်ကောင်စီဝင်သည် ဆက်လက်၍ လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာသို့ သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်းသန့်ရှင်းသာယာစေရေး၊ ချုံနွယ်များရှင်းလင်းရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)