ကျိုင်းတုံ ဇူလိုင် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နှစ်စဉ် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်၊ အခြေခံပညာမူလတန်း(လွန်)ယန်းခကျောင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြား ရေးမှူး ဦးသီဟဇော် နှင့်တာဝန်ရှိသူများက အခြေခံပညာမူလတန်း (လွန်) ယန်းခကျောင်း အုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများကို ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟ ဇော်နှင့် ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ လေထုသန့်စင်စေရေးနှင့် ရာသီဥတုမျှတစေရေးတို့အတွက် ရတနာတန်းဝင် ကျွန်းပျိုးပင်၊ အရိပ်ရလေကာ ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်း၊ ယူကလစ်၊ ပိန္နဲ၊ မန်ဂျန်ရှား ပျိုးပင် ၁၀၀ ကို ကျိုင်းတုံမြို့နယ်၊ အခြေခံပညာမူလတန်း (လွန်)ယန်းခကျောင်းဝန်း မြေကွက်လပ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ထို့အပြင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ဝန်ထမ်းများက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)