ကျောက်တံတား ဇူလိုင် ၁၅
စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များအသိအမြင် ဗဟုသုတများကြွယ်ဝလာပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များ တွေ့ဆုံ၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ သင်္ချာအောင်သင်းက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါလူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်ဒဿန အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်လူငယ်လူရွယ်များမှ စာပေနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ သင်္ချာအောင်သင်းက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(မောင်အေးချမ်း)