မန္တလေး၊ အောက်တိုဘာလ ၁၃
ကိုဗစ် - ၁၉ ကပ်ရောဂါဘေးမှကင်းဝေးပပျောက်စေရန် ဗုဒ္ဓ၏ ပရိတ်ကြီး ၁၁ သုတ်ကို အကြိမ်ရေ (၂၀၂၁) ကြိမ်အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပြီး ပရိတ်ရေများ မန္တလေးမြို့အတွင်းသို့ လှည့်လည် ပက်ဖျန်းပူဇော် တာတွေပြုလုပ်နေကြောင်း သိရသည်။
"ဗုဒ္ဓရဲ့ ပရိတ်တရားတော်များကို ၂၀၂၀ ပြည့်နှစ် နှစ်ဟောင်းမှာ မကောင်းတာတွေကျန်ခဲ့ပြီး နှစ်သစ်ကို အမြန်ရောက်ချင်ပါတယ်။ အဲဒါကြောင့် ပရိတ်တရားတော်ကို ၂၀၂၁ ခေါက်ကို ဆရာတော်သံဃာတော်တွေနဲ့ ရွတ်ဖတ်ပူဇော်တာ ဖြစ်ပါတယ်။ မြတ်စွာဘုရားသည် ဝေသာလီပြည်မှာ ကြွရောက်ပြီး တရားတော်တို့ကို ၇ ရက်ရွတ်ဖတ်တဲ့အခါမှာ ရောဂါပျောက်သွားသကဲသို့ အခုလို မြတ်ဗုဒ္ဓရဲ့ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပြီး မန္တလေးမြို့တော်သူမြို့တော်သားအားလုံး၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုဗစ် - ၁၉ ဆိုတဲ့ ရောဂါကပ်ကနေ အမြန်ဆုံးပပျောက်ကင်းဝေးပြီး စိတ်ချမ်းမြေ့ကြပါဖို့ ရည်ရွယ်တာပါ။" ဟု မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား ဂေါပက ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာ သုဓမ္မာဦးကျော်ဝင်းက ပြောသည်။
အဆိုပါ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းကို မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား မဟာပဌာန်းဟောရွှေသိမ်တော်တွင် ၁၀ ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားမှ ဩဝါဒါစရိယဆရာတော်ကြီး ၉ ပါး အပါအဝင် ဝိဘဇ္ဇဝါဒီကျောင်းမှ ပင့်သံဃာအပါး ၃၀ တို့က တစ်နာရီလျှင် ၃ ပါးဖြင့် ပရိတ်ကြီး ၁၁ သုတ်အား နေ့ညရွတ်ဖတ်ပူဇော်သွားမည် ဖြစ်သည်။
"ပထမဆုံးမရွတ်ဖတ်မီ မဟာပဌာန်းဟောရွှေသိမ်တော်ကြီးမှာ ၃ ရက်တိုင်တိုင် ပိုးသတ်ဆေးတွေ ဖြန်းထား ပါတယ်။ ဒါ့အပြင် ယာဉ်တန်းထွက်တဲ့ကား ၃ စီးကိုလည်း ပိုးသတ်ဆေးတွေ ဖြန်းပါတယ်။ ဆရာတော်၊ သံဃာ တော်တွေကိုလည်း ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်တဲ့အခါမှာ တစ်ခါသုံး Mask တွေ၊ Face shield တွေတပ်ပြီး ကာကွယ်ထားပါတယ်။ ဒါတွေက နေ့စဉ်လုပ်တဲ့ အလုပ်တွေပါ။ ပရိတ်ရေတွေပက်ဖြန်တဲ့နေရာတွေမှာလည်း အားလုံးကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း အားလုံးဆောင်ရွက်ထားပါတယ်။ " ဟု ဆက်ပြောသည်။
ပရိတ်ရေများ ပက်ဖျန်းပူဇော်ခြင်းကို မန္တလေးခရိုင်အတွင်း မြို့နယ် ၇ မြို့နယ်ကို တစ်နေ့ကို ၂ မြို့နယ် အလှည့်ကျစီ နံနက် ၆ နာရီကနေ နံနက် ၁၀ နာရီထိ တစ်မြို့နယ်၊ ညနေ ၅ နာရီမှ ၈ နာရီအထိ တစ်မြို့နယ် လှည်လည်ပက်ဖျန်းပူဇော်သွားမှာ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းမှစပြီး နေ့ည ၁၀ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်