မိုင်းကိုင် ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို ယမန်နေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်နန်းလှိုင်လှိုင်ဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာရိုးရာစကားထာ၊ တိုင်းရင်းသားရိုးရာ စကားဝှက်နှင့်စကားလိမ်များ၊ အခက်အခဲများဖြေရှင်းရန် အတွက် မရှိမဖြစ် လိုအပ်သည့် ဖြတ်ထိုးဉာဏ် စသည့်ခေါင်းစဉ်များဖြင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုင်)မှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၂၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် အာဟာရအစားအစာများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ ပြခန်းကိုဖွင့်လှစ်ပြသခြင်း၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက ပြည်သူ့နီတိလက်ကမ်းစာစောင်၊ စည်းလုံး ညီညွတ်မှုဖော်ဆောင် ရှမ်းအိုးစည်လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းများဆောင်ရွက်ကြရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ၊ လူငယ် လူရွယ်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)