ဥတ္တရသီရိ ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် တောင်သူများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှတဆင့် နားလည်သိရှိစေရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်လာဖို့ ဆီထွက်သီးနှံ ပဲအမျိုးမျိုး စိုက်ပျိုးပြီး ဖူလုံစွာအသုံးပြုနိုင်ရေး နေကြာသီးနှံကိုလည်း ထပ်တိုးစိုက်ပျိုးရန်လိုအပ်ကြောင်း၊ တစ်နှစ်လျှင် သုံးသီးစားစိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစုကို စိုက်ပျိုးမြေအတွင်း အသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်၊ လယ်ယာကဏ္ဍမှတဆင့် တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး၊ မိုးစပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် စိုက်ပျိုးမြေဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် သား၊ ငါး ဖူလုံစွာ စားသုံးနိုင်ရေးတို့အတွက် မွေးမြူရေးလုပ်ငန်းရှင်များဖိတ်ခေါ်ပြီး ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဥတ္တရသီရိ မြို့နယ်ဇလောင်း(တောင်)ကျေးရွာအတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်နေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ၌ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်ညိုကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဘုန်းမြင့်အောင်၏ မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)