မောက်မယ်မြို့နယ်၌ လျောင်းတော်မူဘုရား တောင်ပေါ်အတက်အဆင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းကာယလုပ်အားဒါနပြု

မောက်မယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဦးဆောင်၍ လွယ်မွန်းဘုရားတောင်၏ မြောက်ဘက်တောင်ပေါ် မောက်မယ် ဝမ်ဟတ် လင်းခေးကားလမ်းမ၏ မြောက်ဘက်တွင် လျောင်းတော်မူဘုရားသို့ အတက်အဆင်း  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများမှစုပေါင်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ကာယလုပ်အားဒါနဖြင့် သွားရောက်ကုသိုလ်ပြုကြကြောင်း သိရသည်။  

အဆိုပါ သွားရောက်၍ ကာယလုပ်အားဒါနပြုသည့် လျောင်းတော်မူဘုရားတောင်ပေါ်သို့ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းတွင် အကျယ်(၉)ပေ၊ အရှည်(၁)ဖာလုံခန့်ရှိကြောင်း ထိုလမ်းအား ရပ်ဝေးရပ်နီး ဓမ္မမိတ်ဆွေ ပြည်သူများ စေတနာသဒ္ဒါတရားအလျောက် ပါဝင်လှူဒါန်းထားသည့် ကျောက်၊ ဘိလပ်မြေ၊   သဲများဖြင့်  ကွန်ကရစ်လမ်းအား မြို့ပေါ်(၇)ရပ် ကွက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ အလှည့်ကျ ကာယလုပ်အားဒါနဖြင့် ခင်းကျင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)