စစ်တွေ ဇူလိုင် ၁၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက် နိုင်ရန်အတွက် ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ငတောက်တက်ကျေးရွာတွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ရပ်ရွာ၏လိုအပ်ချက်များကို ကွင်းဆင်းဆွေးနွေးနေသည့်အတွက် မိမိတို့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ပြည်သူများသည် မုန်တိုင်းကာလကိုကျော်ဖြတ်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ်ကိုလည်းခံခဲ့ရပြီးပြီဖြစ်ရာ ယခုကဲ့သို့ မိသားစုများစုံစုံညီညီဖြင့် ပြန်လည်တွေ့ဆုံရခြင်းသည် မုန်တိုင်းကာလက ကြံ့ကြံ့ခံနိုင်ခဲ့သည့် စိတ်ဓာတ် ကြောင့်ဖြစ်ကြောင်း၊ သဘာဝကို မိမိတို့အနေဖြင့် တားဆီး၍မရနိုင်သို့သော်လည်း ကျော်ဖြတ်နိုင်ရမည်ဖြစ်သည့်အတွက် ယခုအခါ ကျော်ဖြတ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ကိုကျော်ဖြတ်ခဲ့ပြီး နောက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်မည့် ပြန်လည် ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့မှုများရှိပါကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်ဟင်းမှုမရှိစေရေး စသည်တို့ကိုမှာကြားခဲ့ပါကြောင်း၊ ထိုသို့ မှာကြားချက်များအပေါ် အကောင်အထည်ဖော်ရန် ပြည်နယ်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ကိုယ်တိုင်အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကျေးရွာများအထိ ကွင်းဆင်းကာ ပြည်သူများနှင့်ထိတွေ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ရပ်ရွာအကျိုးအတွက် တိုင်ပင်ဆွေးနွေး ပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်သည်အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ကြပါကြောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကျေးရွာသူ၊ကျေးရွာသားများအနေဖြင့် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ ယခုရောက်ရှိနေကြသည့် ဌာနဆိုင်ရာများကိုလည်း မိမိတို့ရပ်ရွာအတွက် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်ကဏ္ဍများနှင့် ပတ်သက်၍ လိုအပ်ချက်များအတွက် ပွင့်ပွင့်လင်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ရခိုင်ပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားကြပြီး သီးစုံဒံပေါက်များ ဝေငှပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားနှင့် ကျောင်းသား၊ ကျောင်းသူများအား သီစုံဒံပေါက်နှင့် စားသောက်ဖွယ်ရာများကို ဝေငှပေးခဲ့ကြသည်။
စစ်တွေမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင်လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)