ရန်ကုန် ဇူလိုင် ၁၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က တိုင်းပြည်၏ အနာဂတ် လူငယ်များအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးနေသည့် လူငယ်စကားဝိုင်းများ၏ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လူငယ်စကားဝိုင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက Moderator အဖြစ်လည်းကောင်း၊ မဆုလာဘ်မိုးက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောက်ထက်ကျော်စွာက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မချောစုက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်သူက “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ချိုသဲက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟဇော်က “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်စသည်တို့ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က ပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးမှုကို တက်ရောက်နားထောင်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပါဝင်ဆွေးနွေး ပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ယင်းနောက် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)