ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ချီဖွေ ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ချီ‌ဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  ယမန်နေ့နံနက် ၁၀ နာရီက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ် စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း Grade-3 မှ မမင်းစိုင်းဂျုံးနောက "ဘေးစကားကြောင့် ပျက်စီးခဲ့ရတဲ့ မိတ်ဆွေသုံးဦး" ပုံပြင်ဖြင့် လည်းကောင်း၊ Grade-3 မှ မောင်မျိုးမင်းထက်က "ဒေါင်းယောင်ဆောင်သောကျီး"  ပုံပြင်ဖြင့်လည်းကောင်း၊ Grade-4 မှ မောင်ယိန်းယော်က "မြေခွေးနှင့်ကျီး" ပုံပြင်ဖြစ်လည်းကောင်း၊ Grade-4 မှ မနှိုက်မုတ်ဒိုင်နန်း က "စည်းလုံးခြင်းသည်အင်အား" ပုံပြင်ဖြင့်လည်းကောင်း၊ Grade-4 မှ မလနာမ်ချန်းဝင်း က "ဆရာကာပြန်အာခေါင်လှံစူး" ပုံပြင်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)